ဆီးချိုကျဆေး Metformin အကြောင်း သိကောင်းစရာ
Metformin လို့ ပြောလိုက်တာနဲ့ ဆီးချိုဆေးဆိုတာ လူအများစု သိကြမယ်ထင်ပါတယ်။ ဆီးချိုရောဂါ ရှိသူ အများစု သောက်သုံးရတဲ့ ဆေးဝါးဟာ Metformin ဖြစ်ပြီး ဆေးဝါးဗဟုသုတအနေနဲ့ Metformin အကြောင်းကို သိထားသင့်တာကြောင့် မျှဝေပေးချင်ပါတယ်။
Metformin ဟာ ခန္ဓာကိုယ်တွင်း အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတဲ့ Insulin Sensitizer တစ်ခု ဖြစ်ပါတယ်။ ဒီဆေးဟာ သွေးတွင်းသကြားဓာတ်ကို ကျစေတဲ့အပြင် ဝိတ်ကျစေတဲ့ အာနိသင်လည်း ရှိတာကြောင့် ဆီးချိုရှိတဲ့ အဝလွန်သူတွေမှာ အသုံးပြုကြတဲ့ ဆေးဝါးတစ်ခုလည်း ဖြစ်ပါတယ်။
Metforminက သွေးတွင်းသကြားဓါတ်ကို ဘယ်လို ကျစေတာလဲ??
- အသည်းကနေ ဂလူးကို့စ် ထုတ်လုပ်မှုကို လျော့နည်းစေတယ်
- သွေးတွင်းသကြားဓာတ်ကို ကြွက်သားတွေ၊ ဆဲလ်တွေ ကနေ အသုံးပြုမှု များစေတယ်
- အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတယ်
ဒီလိုနည်းတွေနဲ့ သွေးတွင်း သကြားဓာတ်ကို ကျစေပြီး ဆီးချိုရောဂါကို ထိန်းပေးတာ ဖြစ်ပါတယ်။
👉 Metformin ကို ကိုယ့်သဘောနဲ့ ကိုယ် သောက်လို့ရလား။
Metformin ဟာ ဆရာဝန် ညွှန်ကြားမှ သောက်ရတဲ့ ဆေးဝါး ဖြစ်ပြီး ဆီးချိုရောဂါ ရှိကြောင်း အတိအကျ စစ်ဆေးပြီးမှ ဆေးညွှန်းအတိုင်း သောက်ရတဲ့ Prescription Only Medicine (POM) ဆေးဝါးဖြစ်ပါတယ်။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်တယ် ဆိုပေမယ့် မိမိဘာသာ သောက်ရတဲ့ ဆေးဝါး မဟုတ်ပါဘူး။
👉 Metformin ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိသလား?
Metformin ဆေးဟာ ဆီးချိုဆေးတွေထဲမှာ ဘေးထွက်ဆိုးကျိုး အလွန်နည်းတယ် ဆိုပေမယ့် ဆေးစသောက်ခါစမှာ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ လေပွတာတွေ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ စတာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B 9 နဲ့ B 12 စုပ်ယူမှုကိုလည်း လျော့နည်းစေတာကြောင့် B 9 နဲ့ B12 ချို့တဲ့မှုတွေ ဖြစ်စေပါတယ်။
👉 Metformin ဆေးက ကျောက်ကပ် ပျက်စီးစေနိုင်လား?
အများစုက Metformin သောက်ရင် ကျောက်ကပ်ပျက်စီးတယ်လို့ ထင်နေကြပေမယ့် ဒါဟာ မှားယွင်းတဲ့ အယူအဆသာ ဖြစ်ပါတယ်။ Metformin ကြောင့် ကျောက်ကပ် ပျက်စီးတာ မဟုတ်ပဲ ဆီးချိုအတက်အကျကို မထိန်းချုပ်နိုင်ခြင်း၊ ဆေးပုံမှန် မသောက်ခြင်းကြောင့် ဆီးချိုတက်တာကြောင့်သာ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကျောက်ကပ် ပျက်စီးရတာ ဖြစ်ပါတယ်။ Metformin ဟာ ကျောက်ကပ်က စွန့်ထုတ်ရတဲ့ ဆေးဝါးတစ်ခု ဖြစ်တာကြောင့် ကျောက်ကပ်မကောင်းသူတွေမှာ Metformin ကို သတိထား ပေးရတာ ဖြစ်ပါတယ်။
ဆီးချိုကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ဆိုရင် Metformin ကဲ့သို့ ဆီးချိုကျဆေးတွေ အပြင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေအပြင် ဆရာဝန် ချိန်းဆိုချက်အတိုင်း ပုံမှန် ပြသဖို့ လိုအပ်ကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)